မယ်စဲ့မြို့နယ်မှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ Volunteer များအဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မယ်စဲ့ အောက်တိုဘာ ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တင်များသို့ Volunteer များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လောင်းဖောင်းရှိုက မယ်စဲ့မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တင်များသို့ Volunteer များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် သူနာပြု(၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်  စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း (Mask)၊ လက်အိတ်များ၊ လက်သန့်ဆပ်ပြာဆေးရည်တို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လောင်းဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံ ရေလုံလောက်စွာ ရရှိရေးအတွက် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)