တနင်္သာရီမြို့တွင် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား (၂၄၂)ဦးအား လူမှုရေးပင်စင် (၃)လစာအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်

တနင်္သာရီ ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွား (၂၄၂)ဦး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်လအတွက် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၃ခုနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက် စည်းကမ်းချက်များကိုရှင်းလင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ၎င်းတို့၏ ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ် အဘိုးအဘွားများ ဦးရေစာရင်းအတိုင်း ထောက်ပံ့ငွေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်သည်။ ၎င်းအုပ်ချုပ်ရေးမှူးများက အဘိုးအဘွားများရှိရာ နေအိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးကြမည်ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးရှိ အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၂၄၂)ဦးအတွက် တစ်ဦးလျှင် ပင်စင်ငွေ (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေမှာ(၇၂သိန်းနှင့်၆၀၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)