ပိုင်ကျုံ ဇွန် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကြက်မောက်သီးပေါ်ချိန်တွင် ကြက်မော်စိုက်တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိသားစု အပိုဝင်ငွေရရှိရေးအတွက် ဉယျာဉ်ခြံလုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ကိုင်ကြသည်။ မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့် အိမ်ခြံဝန်းတွင် နှစ်ရှည်သစ်ပင်စားပင်များဖြစ်သည့် အုန်း၊ ပိန္နဲ၊ ဒူးရင်း၊ ဒညင်းနှင့် ကြက်မောက်များလည်း စိုက်ပျိုးလာကြသည်။ ကြက်မောက်ပင်များကို ယခင်က အစေ့ချစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဝင်ငွေပိုရရှိသည့် ကိုင်းကူးစိုက်ပျိုး ခြင်းလုပ်ငန်း ပိုမိုစိုက်ပျိုးလာကြသည်။ အစေ့ချစိုက်ပျိုးခြင်းမှ ခူးယူရရှိသောအသီးများ အလုံး ၁၀၀ လျှင် ငွေကျပ် ၄၀၀၀ သာရရှိပြီး ကိုင်းကူး စိုက်ပျိုးခြင်းမှ ခူးယူရရှိသော အသီးများကို အလုံး ၁၀၀ လျှင် ငွေကျပ် ၈၀၀၀ အထိ ရရှိသည့်အတွက် ကိုင်းကူးစိုက်ပျိုးခြင်းက မိသားစုအပိုဝင်ငွေ ရရှိစေပါကြောင်း တပိုင်တနိုင်ကြက်မောက်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် မိမိနေအိမ် ခြံဝန်း၌သော်လည်း၊ ဉယျာဉ်ခြံမြေများ၌ သော်လည်းကောင်း ဝင်ငွေရရှိစေမည့် နှစ်ရှည်ပင်များ တပိုင်တနိုင် စိုက်ပျိုးကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)