နတ်မောက် ဇူလိုင် ၅
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်သည့် နတ်မောက်မြို့နယ်သည် ဇွန်လဆန်းမှစ၍ လကုန်အထိ မိုးရွာသွန်းမှုမရှိသလောက်နည်းပါးခဲ့သည်။ မိုးရွာသွန်းမှုူနည်းပါးသဖြင့် ပူပြင်းခြောက်သွေ့လျက်ရှိပြီး အများပြည်သူများ၏ လူမှုပတ်ဝန်းကျင်တွင် စိတ်မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။
မိုးမရွာခြင်း၊ မိုးခေါင်ခြင်းများကြုံတွေ့လာပါက မြန်မာ့ရိုးရာလွန်ဆွဲပွဲများပြုလုပ်လျင် မိုးရွာသွန်းနိုင်ကြောင်း ယုံကြည်ကြသဖြင့် နတ်မောက်မြို့ပေါ်ရပ်ကွက်များတွင် မိုးခေါ်လွန်ဆွဲပွဲများကို ဇူလိုင်(၄) ရက်နေ့မှစ၍ ကျင်းပလျက်ရှိကြောင်း မြို့မရပ်ကွက်မှ ကိုကျော်လွင်ဦးကပြောသည်။
“ မိုးမရွာတော့ စိုက်ပျိုးထားတဲ့သီးနှံတွေလည်း နွမ်းလိမ်နေပြီ၊ နေရာတာကလည်း နွေရာသီကြီးလိုဘဲ အလွန် ပူအိုက်နေတော့ လူတွေလည်းစိတ်မပျော်ရွှင်ကြတော့ဘူး၊ ဒါကြောင့် ရပ်မိရပ်ဖတွေရော၊ လူကြီးလူငယ် အားလုံးက လွန်ဆွဲပွဲလုပ်ဖို့ သဘောတူညီကြတဲ့အတွက် ရပ်ကွက်တွေမှာ လွန်ဆွဲပွဲ ပြုလုပ်ကြတာပါ။ ဇူလိုင်လ (၃၊ ၄) ရက်တွေမှာ မြို့မရပ်ကွက်မှာ လွန်ဆွဲကြပါတယ်၊ ပျော်စရာ လည်းကောင်းပါတယ်၊ မိုးရွာလာတော့ လူတွေကပျော်ကြတာပေါ့” ဟု မြို့မရပ်ကွက်မှ ကိုသောင်း ကပြောသည်။
မြန်မာ့ရိုးရာလွန်ဆွဲပြိုင်ပွဲပြလုပ်ခြင်းသည် မိုးရွာစေရန်စိတ်ရည်သန်ပြီး ပြုလုပ်ခြင်းဖြစ်ပြီး၊ ခွန်အားစိုက်ခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်း၊ စည်းလုံးညီညွှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ်ဖြင့် ပြိုင်ဆိုင်ကြခြင်းဖြစ်၍ ချစ်မြတ်နိုးစရာမြန်မာရိုးရာလွန်ဆွဲဖြစ်ကြောင်း မြို့မိမြို့ဖများက ပြောကြသည်။
မူမူစန်း