ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ  ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက  ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာရှိ စီမံကိန်းဝင်အသင်းသား ၊ အသင်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေ စာရင်းဇယားများ စနစ်တကျ  ဖြည့်စွက်ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထားရှိရေး ကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ပုံငွေစနစ်တကျ သုံးစွဲရေး ဆိုင်ရာကိစ္စရပ်များကို ဦးစွာ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် အတူ ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းအသင်းသား၊ အသင်းသူ များကို  စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည့် စီမံကိန်းဝင်အသင်းသားဦးရေ စုစုပေါင်း ၁၅၄ ဦးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၅၇ ဒသမ ၅ သန်းကို စနစ်တကျ ထုတ်ချေး ပေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး မောင် ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )