မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

အင်းတော် ဇူလိုင် ၅

မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းထားစုများ ဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသအတွင်းတွင် မိုးသီးနှံ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာရေး၊ ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ မိုးသီးနှံ မိုးနေကြာမျိုးစေ့ မျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ပါ ကြောင်း၊ ဒေသအတွင်းတွင် သဘာဝဓာတ်မြေဩဇာများကို စနစ်တကျ သုံးစွဲတတ်စေရေး၊ သဘာဝဓာတ်မြေဩဇာများကို စနစ်တကျ သုံးစွဲပြီး ထုတ်ကုန်တိုးတက်မြှင့်မားလာရေးတို့အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့ စိုက်ခင်းများအတွင်း တွင် စိုက်ပျိုးရေးနည်းပညာများ လိုအပ်လာလျှင်လည်းကောင်း၊ သီးနှံဖျက် ပိုးမွှားများအန္တရာယ်ကျရောက်လာပါကလည်းကောင်း မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း၊ မိမိတို့ အနေဖြင့် လိုအပ်သည့် အကူအညီများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အခမ်းအနားတွင် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားများ၊ ဘက်စုံသီးနှံစိုက်ပျိုးရေးနှင့် ပိုးမွှားကာကွယ်နှိမ်နှင်းနည်းများ၊ ဓာတုပိုးသတ်ဆေးများ၏ အန္တရာယ်များ၊ ဘက်စုံသီးနှံ ကာကွယ်ရေးနည်းစနစ်များ အကြောင်းကိုလည်းကောင်း၊ ဒု-လက်ထောက်ဦးစီးမှူး ဦးထက်ကိုက ဂျစ်ပဆမ် ဘဘာဝဓာတ်မြေဩဇာနှင့် သုံးစွဲနည်းများအကြောင်းကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာ ကြသော တာဝန်ရှိသူများက ဒေသခံတောင်သူများအား မိုးနေကြာမျိုးစေ့နှင့် သဘာဝဓာတ်မြေဩဇာများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအာကာကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ