ထားဝယ် ဇူလိုင် ၅
တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့်လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားနှင့် တိုင်းရင်းသားဘာ သာကျောင်းသုံး ပုံနှိပ်စာအုပ်ပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် ၈ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ဦးမြတ်ကိုက တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းသားဒေသရှိလိုအပ်ချက်များ ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးနိုင်ရန် နှင့်လိုအပ်သည် များကိုသက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားဒေသရှိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှု စီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အလွန်ကောင်းမွန်ပြီး ယခုတွေ့ဆုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသ အသီးသီးမှကရင်၊ မွန်၊ ထားဝယ်နှင့် မော်ကယ်(ဆလုံ) တိုင်းရင်းသားကိုယ်စားလှယ်များ စုံလင်စွာတွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်တိုင်းရင်းသားများ၏ ယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအတွက် အဖက်ဖက်မှဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်း သားကိုယ်စားလှယ်များအနေဖြင့် ယခုလို တွေ့ဆုံ ဆွေးနွေးပွဲတွင် စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များ၊မိမိတို့ဒေသရှိ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ဒေသရှိ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်ကောင်းများကို အသုံးပြု၍ မိမိတို့လူမျိုး၊ မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်လာနိုင်မှာဖြစ်သလို မိမိတို့ဒေသအတွင်းနေ ပြည်သူများနှင့်ပိုမိုချစ်ခင်ရင်းနှီးမှု ရရှိလာနိုင်ကြောင်း၊ ထိုမှတဆင့် ရပ်ရွာအေးချမ်းသာယာရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ သည်”ဆိုသည့် ဆောင်ပုဒ်အတိုင်း တိုင်းရင်းသားများ အားလုံးတစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး လက်တွဲညီညီဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီးပေါ်ပေါက် လာအောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူးရုံးညွှန်ကြားရေးမှူးဦးဝင်းနောင် ကပညာရေးဝန်ကြီး ဌာနမှ ထုတ်ဝေသည့် တိုင်းရင်းသားဘာသာကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်း သားရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်က တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် တိုင်းရင်းသားဘာသာကျောင်းသုံးပုံနှိပ်စာအုပ်များအား တိုင်းရင်းသားကိုယ်စားလှယ်များထံ ပေးအပ်ကာ တက်ရောက်လာသူများနှင့်စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့်လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုတိုင်းရင်းသားကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများတို့က ဇူလိုင် ၄ ရက်နှင့် ၅ ရက်နေ့ တွင် ဆွေးနွေးမည်ဖြစ်ကြောင်း နှင့် ဇူလိုင် ၆ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)