နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

ဘားအံ ဇူလိုင် ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားရန်ပုံငွေအား နိုင်ငံတော်မှ ထုတ်ချေးပေးရာတွင် ထုတ်ကုန်များအား တိုးတက်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပါကြောင်းနှင့် ပြည်နယ်စီးပွားတိုးတက်မှ နိုင်ငံ့စီးပွား တိုးတက်လာမည်ဖြစ်၍ ပြည်နယ်၏ စီးပွား တိုးတက်လာစေရန် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဝင်များက ယခင်အပတ်(၉/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များမှ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်ရေးဆိုင်ရာများ၊ ဟင်းသီးဟင်းရွက်နှင့် စားဖိုဆောင် သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆိုင်ရာများ၊ ကုန်ကြမ်းသာ မဟုတ်ဘဲကုန်ချောအဖြစ်ပါ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးသို့ Video Conferening စနစ်ဖြင့် တက်ရောက်လာသော ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေရယူ၍ စိုက်ပျိုး/မွေးမြူ ရိတ်သိမ်းထွက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင်လ ၃ ရက်နေ့ ညနေ(၃)နာရီခွဲက ဘားအံမြို့၊ ဇွဲကပင် (လှာကမြင်)အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့နယ် ပေါင်းစုံ အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် မိမိတို့အသင်း အနိုင်ရရှိရေး ကြိုးစားမှု၊ ဇွဲလုံ့လဝီရိယရှိမှုတို့ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က  ပြိုင်ပွဲတွင် ပါဝင်ကူညီ တီးခတ်ဖျော်ဖြေ ပေးပါသော ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးအဖွင့် ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များမှ တစ်ခဲနက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင် အသင်း(၇)သင်း၊ အားကစားသမား (၁၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ ပွဲစဉ်ပေါင်း (၁၂)ပွဲဖြင့် အကြိတ် အနယ် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)