ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တိုက်သစ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဇော်နိုင်က ကျောင်းကျန်းမာရေရည်မှန်းချက်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ မှန်ကန်သောအစာအုပ်စုများကို ရွေးချယ်စားသောက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စားသုံးရန်မသင့်သောအစားအစာများ စသည့်ကျန်းမာရေးအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ ကျန်းမာရေးကြီးကြပ်အဆင့်(၁)ဦးသန်းဝင်းထွဋ်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ခြင်ကျားလောက်လန်းပေါက်ပွားသည့်နေရာများ၊ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများစသည့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့မအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)