ဆိပ်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးတောင်သူများအတွက် ဧက(၁၀၀) စိုက်ပျိုးရေတိုးချဲ့ပေးဝေသွားမည်သည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့် ဒေသတစ်ခုဖြစ်ပြီး တောင်သူများက မိုးစပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ချည်မျှင်ရှည်ဝါတို့ကို စိုက်ပျိုးဆောင်ရွက်ကြသည်။ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်သည် ဒေသခံပြည်သူများ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး၊ဒေသစိုက်ပျိုးသီးနှံထုတ်ကုန်များတိုးတက်စေရန်နှင့် စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေတိုးပွားစွာရရှိစေရန် စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာ စိုက်ပျိုးရေပြည့်ဝစွာဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီမြစ်မှရေတင်စက်(၃)ခု၊ လက်တံမြောင်း (၁၀)ခုတို့ဖြင့်မိုးသီးနှံစိုက်ပျိုးမြေများသို့ စိုက်ပျိုးရေများပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မိုးစပါးအတွက် ပျိုးထောင်ရေ၊ မြေပြင်ရေများ၊ ပဲမျိုးစုံအခြားသီးနှံ စိုက်ပျိုးရေများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်နှစ် မိုးရာသီတွင် မိုးစပါး (၅၂၀) ဧက၊ ပဲမျိုးစုံအခြားသီးနှံ (၆၈၀)ဧက စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ယခုနှစ်မိုးရာသီတွင် မိုးစပါး(၅၂၀)ဧက၊ ပဲမျိုးစုံနှင့်အခြားသီးနှံ(၇၈၀)ဧက စုစုပေါင်း စိုက်ဧက(၁၃၀၀)အတွက် စိုက်ပျိုးရေပေးဝေမည်ဖြစ်ပြီး ပဲမျိုးစုံနှင့်အခြားသီးနှံအတွက်ဧက(၁၀၀)အတွက် တိုးချဲ့စိုက်ပျိုးရေဆောင်ရွက်ပေးခဲ့ကြောင်း၊ မိုးစပါးစိုက်တောင်သူများအနေဖြင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ပျိုးထောင်ရေ၊ မြေပြင်ရေများ ပေးလွှတ်သည့်နေ့မှစတင်၍ စပါးများပျိုးထောင်ခြင်း၊စိုက်ပျိုးမြေပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသလို ပဲမျိုးစုံနှင့် အခြားသီးနှံစိုက်ပျိုးတောင်သူများကလည်း စိုက်ပျိုးမြေပြင်ဆောင်ရွက်ပြီး စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာရရှိရေးအတွက် အခက်အခဲမရှိစေရန် သက်ဆိုင်ရာမြောင်းခေါင်းများမှတဆင့် စိုက်ပျိုးရေပေးဝေရေးကော်မတီနှင့် မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူများထံ အချိန်မီချိတ်ဆက်ပြောကြားဆောင်ရွက်သွားရန် အသိပေးဆောင်ရွက်ထားရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ရေးဦးစီးဌာန (ရေအရင်းမြစ်)အောက် ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာက ပြောကြားသိရှိရသည်။ ဒေသခံတောင်သူများက မိုးစပါးကို ဧရာမင်း၊ ဆင်းသုခစပါးမျိုးများ စိုက်ပျိုးကြပြီး၊ ယခုနှစ်မိုးစပါးဧရာမင်းမျိုးစပါး တစ်တင်းလျှင် (၃၂၀၀၀) ကျပ်၊ ဆင်းသုခ မျိုးစပါးတစ်တင်းလျှင်(၂၈၀၀၀)ကျပ်ဖြင့် ဝယ်ယူပျိုးထောင်ကြပြီး မိုးစပါးများပျိုးထောင်ခြင်း၊ စိုက်ပျိုးမြေပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတ်မှတ်စပါးသက်ရက်ပြည့်လျှင် မိုးစပါးများ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဲမျိုးစုံနှင့်အခြားသီးနှံအတွက် တိုးချဲ့စိုက်ပျိုးရေပေးဝေမှုများအပေါ် တောင်သူများအနေဖြင့် ရေတင်စိုက်ပျိုးစရိတ်များ သက်သာမှုရှိမည့်အပြင်၊ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းမြင့်မားကာ မိသားစုဝင်ငွေ တိုးတက်လာမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ဒေသခံတောင်သူများထံမှ ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)