မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

အင်းတော် ဇူလိုင် ၅

မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းထားစုများဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေသခံတောင်သူများအနေဖြင့် မိမိတို့ဒေသအတွင်းတွင် မိုးသီးနှံမျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာရေး၊ ဒေသထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးတို့အတွက် ရည်ရွယ်၍ မိုးသီးနှံမိုးနေကြာမျိုးစေ့ မျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းတွင် သဘာဝဓာတ်မြေဩဇာများကို စနစ်တကျသုံးစွဲတတ်စေရေး၊ သဘာဝဓာတ်မြေဩဇာများကို စနစ်တကျသုံးစွဲပြီး ထုတ်ကုန်တိုးတက်မြှင့်မားလာရေးတို့အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများအတွင်းတွင် စိုက်ပျိုးရေးနည်းပညာများလိုအပ်လာလျှင် လည်းကောင်း၊ သီးနှံဖျက်ပိုးမွှားများ အန္တရာယ်ကျရောက်လာပါကလည်းကောင်း မိမိတို့စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့်အကူအညီများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

အခမ်းအနားတွင် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က မိုးသီးနှံမိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားများ၊ ဘက်စုံသီးနှံစိုက်ပျိုးရေးနှင့် ပိုးမွှားကာကွယ်နှိမ်နှင်းနည်းများ၊ ဓာတုပိုးသတ်ဆေးများ၏အန္တရာယ်များ၊ ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ အကြောင်းကိုလည်းကောင်း၊ ဒု-လက်ထောက်ဦးစီးမှူး ဦးထက်ကိုက ဂျစ်ပဆမ်ဘဘာဝဓာတ်မြေဩဇာနှင့် သုံးစွဲနည်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက ဒေသခံတောင်သူများအား မိုးနေကြာမျိုးစေ့နှင့် သဘာဝဓာတ်မြေဩဇာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအာကာကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ