မုံရွာ ဇူလိုင် ၅
အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိစေရန်ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ် နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းက ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုးထုတ်လုပ်မည့် ကုန်ကြမ်းပစ္စည်းများနှင့် အရည်အသွေးပြည့်ဝကောင်းမွန်သော စားသောက်ကုန် ကုန်ချောများ ထုတ်လုပ်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။
အဆိုပါ သင်တန်းသို့ မုံရွာနှင့် အခြားသောမြို့နယ်များမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရက်သတ္တ တစ်ပတ်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)