ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ဝေါ ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှု လယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်လှ ကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်း အမှတ် ၆၈၇ (ခ) တောင်သူ ဒေါ်ရီစိန် ၏လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၀) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက စပါးမျိုးပင်ချ ကရိယာ ကောက်စိုက်စက်ဖြင့် လက်တွေ့ သရုပ်ပြစိုက်ပျိုးပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စက်မှု လယ်ယာဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစိုင်းချစ်ထွန်းနှင့် ဝန်ထမ်းများ၊ ကျိုက်လှကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်လေ့လာ ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)