သံတောင်ကြီးဒေသထွက် သဘာဝပျားရည်များ ဝယ်လိုအားကောင်းပြီးဈေးကောင်းရရှိ

သံတောင်ကြီး ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ် ကိုသာထုတ်လုပ်ရောင်းချသည့်အတွက် ယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ပျားရည်များဝယ်လိုအားပြီး ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန်မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့်နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးဒေသတွင် ပျားရည်များကို ယခင်နှစ်ထက်ဈေးကောင်းရရှိပြီး တစ်ပုလင်း လျှင်ကျပ် (၈၀၀၀) မှ ကျပ်(၁၀၀၀၀) အထိရရှိကြောင်း သဘာဝပျားရည် အရောင်းအဝယ် လုပ်ကိုင်နေသူ သံတောင်ကြီးအမျိုးသမီးများအဖွဲ့ဒါရိုက်တာဒေါ်နော်မာမာချိုထံက သိရသည်။

နော်နော်မူ