ကလိန်အောင် ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များ စိုက်ပျိုးရောင်းချရမှဈေးကောင်းရရှိ၍ အပိုဝင်ငွေရရှိကြောင်း ကွမ်းသီးပျိုးပင်များ ပြုစုပျိုးထောင်သူ တောင်သူများထံမှ သိရသည်။
အဆိုပါ ကွမ်းသီးပျိုးပင်စိုက်ပျိုးရာတွင် အစေ့ကိုပျိုးပြီးအိတ်များဖြင့် စနစ်တကျစိုက်ပျိုးရကြောင်း၊ မြေသြဇာလုံလောက်စွာထည့်ပေးရကြောင်း၊ ရေကိုလုံလောက်စွာပေးရကြောင်း၊ ကွမ်းသီးပျိုးပင်များကို တစ်နှစ်ကြာအောင်ပျိုးထားရကြောင်း၊ တစ်နှစ်ကြာသောပျိုးပင်များ စိုက်ထည့်ရာတွင် တစ်ပင်နှင့်တစ်ပင်(၆)ပေကွာ စိုက်ထည့်ရကြောင်း၊ ကွမ်းသီးပင်များကို မိုးဦးတစ်ကြိမ် မိုးနှောင်းတစ်ကြိမ်မြေသြဇာပေးရပြီး (၇)နှစ်(၈)နှစ်အကြာတွင် ကွမ်းပင်များ စတင်အသီးသီးကြောင်း၊ ကွမ်းသီးကိုအောက်တိုဘာနှင့် နိုဝင်ဘာလတွေမှာ အသီးများစတင်ခူးနိုင်ကြောင်း ကွမ်းပင်၏ဘေးတစ်ဖက်တစ်ချက်တွင် အခြားသီးညှပ်ပင်များ စိုက်ပျိုးကာ မိသားစုအပိုဝင်ငွေများရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူတောင်သူထံမှ သိရသည်။
ကလိန်အောင်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်စိုက်ပျိုးရာမှ စျေးကောင်းရရှိကာ ယခင်နှစ်က ကွမ်းသီးပျိုးပင်တစ်နှစ်သား ပျိုးပင်တစ်ပင် ကို ၂၀၀ ကျပ်ရရှိသော်လည်း ယခုနှစ်တွင်ကွမ်းသီးပျိုးပင်တစ်နှစ်သားပျိုးပင် တစ်ပင်ကို ၃၀၀ ကျပ်မှ ၃၅၀ကျပ်အထိ စျေးကောင်းရရှိကြောင်း ကွမ်းသီးပျိုးပင်စိုက်ပျိုးသူ ဦးမျိုးအောင်ထံမှ သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)