ကံမ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၃)ရပ်ကွက်၊ မဒေးဝ အခြေခံပညာမူလတန်းကျောင်းနှင့် မျိုးရာဇာကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ် ၁၉ - ရောဂါ ကင်းဝေးစေရန်အတွက် မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၂၈)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅)နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူများ၊ အသက်(၁၂)နှစ်မှ (၁၈) နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) နှစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများ၊ Grade-1 မှ Grade-12 အထိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တခါမှ မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)