ငဖဲ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည် ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံ နှမ်း ဧက ၉၄၄၀ စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၀၇၅၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထား ချက်ထက် ၁၃၁၆ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးသီးနှံများအဖြစ် စပါး၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲစဉ်းငုံ၊ပဲတီစိမ်း၊ ငရုတ်စို(မိုး)၊ ပဲနောက်၊ ပြောင်းနှင့်နှမ်းများကို အများဆုံးစိုက်ပျိုးကြရာ လယ်မြေများတွင် မိုးစပါးစိုက်ပျိုးမှုကုန်ကျစရိတ်ထက် မိုးနှမ်းစိုက်ပျိုးမှုကုန်ကျစရိတ်ပိုမိုသက်သာပြီး နှမ်းဈေးကောင်းရရှိသောကြောင့် တစ်နှစ်လျှင် နှမ်းကို နှစ်သီးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က နှမ်းသီးနှံကို ဧက ၉၄၄၀ စိုက်ပျိုး နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း ၅ တင်းခန့် ထွက်ရှိကြောင်းသိရသည်။
ယခုနှစ် မိုးရာသီနှမ်းသီးနှံကို ကျေးရွာအုပ်စု (၂၂) အုပ်စုရှိ ကွင်းပေါင်း (၁၁၂)ကွင်းတွင် စမုန်နက်နှမ်းမျိုးနှင့် ဒေသနှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးမှ ဦးဆောင်ကြီးကြပ်၍ ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများ၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု (ငဖဲ)