ပလောက် ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပလောက်မြို့၊ ပြည်သူ့ဆေးရုံရှိ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန် တိုင်းခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များကို ဆုံဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြှေး ရောင်ရောဂါစသည့် (ငါးမျိုးစပ် ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်းအဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက်သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
နှင်းမြူလွင်