ချည်မျှင်ရှည်ဝါများ နတ်မောက်မြို့နယ် ကျေးရွာများတွင် စတင်စိုက်ပျိုး

နတ်မောက် ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများကို ဇွန်လအတွင်း စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။     

နတ်မောက်မြို့နယ် တောင်သူများသည် ယခင်က ဝါဆိုလပြည့်ကျော်ရက်များတွင်သာ ချည်မျှင်ရှည်ဝါ စိုက်ပျိုးလေ့ရှိပြီး ယခုအခါဇွန်လတွင် စတင် စိုက်ပျိုးလာကြကြောင်း၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးစေ့များကို စိုက်ပျိုးကြကြောင်း၊ ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများသည် အပင်ပေါက်နှုန်း ကောင်းမွန်သည်ဟု တောင်သူများက အသိအမှတ်ပြုကြပြီး ပြင်ပမှာ ဝါမျိုးစေ့အလွတ်များ၊ အထုပ်နှင့် ထုတ်ပိုးရောင်းချသည့် ဝါမျိုးစေ့များသည် အပင်ပေါက်ရောက်မှု အားနည်းသည်ဟု ဒေသခံတောင်သူများက ပြောသည်။

နတ်မောက်မြို့နယ်တွင် ယခုနှစ် ၂၀၂၃ စိုက်ပျိုးရာသီတွင် ဝါဧက (၂၁၈၂၃)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယခုတောင်သူများ စတင်စိုက်ပျိုးနေကြခြင်းမှာ လေးကွက်တန်းကျော်စနစ်ဖြင့် အခြောက်(မိုးကြို)အဖြစ် စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း မိုးရွာသွန်းမှုရှိလာပါက နှမ်းမစိုက်နိုင်သော မြေများနှင့်ဝါစိုက်ပျိုးရန် ထယ်ရေး ပြုပြင်ထားသည့် မြေများတွင် ဆက်လက်စိုက်ပျိုးကြမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံက သိရသည်။

မူမူစန်း