ပုသိမ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၄

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ ဧရာရွှေခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေကြသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာနိုင်ငံ ဒေသအသီးသီး၌ နေထိုင်ကြသည့် မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ ယခုလို နေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့၌ မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါနေ့ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်ပါက  ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင်  အမျိုးသားများနှင့် ရင်ပေါင်တန်း တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသမီး သူရဲကောင်းများစွာ ရှိခဲ့ကြသကဲ့သို့  ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာအတတ်ပညာ အနုပညာဆိုင်ရာနယ်ပယ်များမှာ ထူးချွန် ထက်မြက်တဲ့ မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါကြောင်း၊ မျက်မှောက်ကာလမှာလည်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးမှာ ပါဝင်လျက်ရှိကြပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် အမျိုးသမီးများသည် အိမ်ထောင်စုတစ်ခု၏ ပဲ့ကိုင်ရှင်များဖြစ်သလို နိုင်ငံတော်ရဲ့ အင်အားစုတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခုလို ကဏ္ဍစုံမှာ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်လာနိုင်စေဖို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝရေး၊ အသိပညာဖွံ့ဖြိုးရေး၊ ဗဟုသုတလေ့လာပြည့်စုံရေးကို ကြိုးစားအားထုတ်ရမှာ ဖြစ်ပါကြောင်း၊ ကျား/မ  တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း” အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲဘာသာဖြင့် တစ်နိုင်ငံလုံးအဆင့်(၁)၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနထူးချွန်ဆု၊ ကျောင်းအုပ်စီမံခန့်ခွဲမှုထူးချွန်ဆု၊ မြန်မာအမျိုးသမီးများ နေ့အထိမ်းအမှတ် စာစီစာကုံး ဒုတိယဆု(နေပြည်တော်) အစရှိသည့် နယ်ပယ်အသီးသီးမှ ထူးချွန်ဆုရ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ လူမှုထူးချွန်ဆု (ဒုတိယအဆင့်၊ အားကစား)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ဆု၊ ကမ္ဘာ့ဆရာများနေ့ ဆောင်းပါးပြိုင်ပွဲ ဗဟိုအဆင့် ပထမဆု၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတိုပြိုင်ပွဲ နိုင်ငံတော်အဆင့် အထူးဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ပညာရည်ချွန်ဆု (Japan Science Technology)၊ အဆို၊ အက၊ ‌အရေး၊ အတီး(ဒုတိယ)ဆု၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ဘောလုံးပြိုင်ပွဲ ငွေတံဆိပ်ဆု၊ ဗဟိုအဆင့် အဆို၊ အက၊‌ အရေး၊ အတီး(တတိယ)ဆု ရရှိသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ နိုင်ငံတော်အဆင့် လူရည်ချွန်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲ ငွေတံဆိပ်ဆုရရှိသူများအား တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲတွင် တတိယဆု ရရှိသူများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက လည်းကောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိသူများအား  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသမီးများ၏ စွမ်းဆောက်မှုလက်မှုပညာ ပစ္စည်းများ ပြသရောင်းချသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)