သာယာဝတီ ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက် စိုက်ခင်း၌ ပျိုးထောင်ထားသော (RS) စပါးပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ကြသည်။
သာယာဝတီမြို့နယ်အတွင်းရှိ တောင်သူများ မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထွက်ကောင်းစပါးမျိုးစေ့များ ထုတ်လုပ်ပေးနိုင်ရေးကို စနစ်တကျ ထွန်ယက်ပြုပြင်ထားသော မျိုးစေ့ထုတ်စိုက်ပျိုးမြေများတွင် စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးကြီးကြပ်ဝန်ထမ်းများက အနီးကပ်ကြီးကြပ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းစိုက်ပျိုးမြေများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် RS စပါးပျိုးပင်များဖြင့် ရတနာတိုး ၃၀.၈ဧက၊ ဆင်းသုခ ၄၂.၅ ဧက၊ မှော်ဘီ-၃ ၈ ဧကနှင့် တောင်သူပညာပေးအတွက် သုတေသန စိုက်ခင်း ၁ ဧကတို့တွင်စိုက်ပျိုးပြီး တောင်သူများအတွက် အရည်အသွေးမီ မျိုးစေ့များ ဆက်လက်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)