စစ်တွေ ဇူလိုင် ၄
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လမ်းသစ်ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင်စာသင်တိုက်၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ကြသည်။
ဦးစွာ သုဓမ္မာပရိယတ္တိသီလရှင်စာသင်တိုက်ပရိဝုဏ်အတွင်း၌ သစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များထံသို့ ပျိုးပင်များပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်နှင့်ခရေပင်များကို စိုက်ပျိုးပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်ပင်နှင့်ခရေပင် ၁၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် အဆိုပါသီလရှင်ကျောင်းတိုက်ဓမ္မာရုံ၌ သုဓမ္မာသီလရှင်ကျောင်းတိုက်နှင့် အမ္ဗာရာမ သီလရှင်ကျောင်းတိုက်တို့ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းခြင်းကို ဆက်လက်ကျင်းပရာအခမ်းအနားကို ကြွရောက်တော်မူကြသော သီလရှင်ဆရာကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။ ယင်းနောက် အမ္ဗာရာမပရိယတ္တိသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီးနှင့်သီလရှင်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သီလရှင်ဆရာကြီးများနှင့် သီလရှင်များအား အလှူငွေ၊ သီလရှင်ဝတ်စုံနှင့် သီလရှင်အသုံးအဆောင်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သီလရှင်များက မေတ္တာပို့ဆုတောင်းပေးကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြပြီး သီလရှင်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)