မုံရွာမြို့၌ ပန်းအလှပြင်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်

မုံရွာ ဇူလိုင် ၄

ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ပန်းအလှပြင်နည်းများ တက်မြောက်ပြီး အခမ်းအနားများ သန့်ရှင်းလှပစွာ ပြင်ဆင်နိုင်ရေး၊ အမျိုးသမီး‌များသည် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သည့်‌အတွက်ကြောင့် အလှပြုပြင်တဲ့နေရာများတွင် ပန်းအလှပြင်သရုပ်ဖော်ခြင်း၊ လူများ၏ အလှအပကို ဖော်ညွှန်းခြင်းများကို စုပေါင်းလုပ်ဆောင်တတ်စေရန် ရည်ရွယ်ပြီး ပန်းအလှပြင်နည်းဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နေလယ်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒေါ်သီတာစိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူ (၂၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒေါ်သီတာစိုးက သင်တန်းသူများအနေဖြင့် ပန်းအလှဆင်ခြင်းနှင့် ပန်းထိုးခြင်းတို့ကို ပွဲလမ်းသဘင်အခမ်းအနားတွင်သာမက နေအိမ်၊ ရုံးခန်း၊ စားသောက်ဆိုင်များ၊ စေတီဘုရားပုထိုးတွေမှာပါ ကပ်လှူကြပြီး အလှဆင်ကာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျအသုံးပြတတ်စေရန် အလေးထား သင်ယူကြစေကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာမများက သင်တန်းသူ (၂၄)ဦးအား ယပ်တောင်ပုံ၊ ဘဲဥပုံ၊ တြိဂံပုံ စသည့် ပန်းအလှပြင်နည်း (၃)မျိုးအား စုံလင်စွာ အသေးစိတ် စာတွေ့၊ လက်တွေ့ သင်တန်းကာလ တစ်ရက်ကြာ ပြသရှင်းလင်းသင်ကြားပို့ချပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)