မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင်  ၃

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို  ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်တဲ့ နေတစ်နေ့ဖြစ်ပါကြောင်း၊ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အမျိုးသမီးများ အပါအဝင် မြန်မာအမျိုးသမီးများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီး များနေ့ ပေါ်ပေါက်လာ တာကတော့ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့  စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကနေ စတင်ခဲ့တာဖြစ်ကြောင်း၊ အဲဒီ ညီလာခံကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကြေညာစာတမ်းပါ အချက်များတွင် တစ်ခု အပါအဝင်ဖြစ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ယန္တရားတစ်ရပ်ဖော် ဆောင်ရန်နှင့် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာအမျိုး သမီးများနေ့ကို ၁၉၉၈ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်အား ကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အင်အားစု တစ်ရပ်အဖြစ် ပါဝင်ပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံ များ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း (၂၀၂၁-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ တိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက် နိုင်ရေးအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့ မှတ်တမ်းဗီဒီယိုကလစ်အား ပြသခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်စားမေးပွဲ၌ တိုင်းဒေသကြီးအတွင်း သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသူများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား လည်းကောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆု၊ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် ကြေးတံ ဆိပ်ဆုနှင့် ဗီယက်နမ်ရိုးရာ သိုင်းကစားနည်း(ဗိုဗီနမ်) ပြိုင်ပွဲတွင် ကြေးတံဆပ်ဆုရ ထူးချွန်အမျိုးသမီး အားကစားသမားများအား ဂုဏ်ပြုဆုများကို တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သွေးအကြိမ်(၅၄)ကြိမ်၊ (၂၆)ကြိမ်နှင့် (၂၁)ကြိမ် သွေးလှူဒါန်းခဲ့သော သွေးလှူရှင်များအား ဂုဏ်ပြုဆုများကို တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမြင့်သိန်းကလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအတွက် အလှူငွေထည့်ဝင်ခဲ့ကြသော အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ရရှိသူ ထူးချွန်အမျိုးသမီး များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ခင်းကျင်းပြသထားသော မှတ်တမ်းဓာတ်ပုံ များအား လှည်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ