မုံရွာ ဇူလိူင် ၄
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးငယ်များက “ မင်္ဂလာပါ ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာအမျိုးသမီးများနေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအတွင်းရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေး နိုင်ရန်လိုအပ်သလို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လည်းလိုအပ်ပါကြောင်း၊ အိမ်တစ်အိမ်တွင် မိဘများအလုပ်အကိုင်နှင့် ဝင်ငွေရရှိမှ သားသမီးများသည်လည်း စာသင်ကျောင်းသို့ ရောက်ရှိလာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းနည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများသို့ ညွှန်းပို့ဆောင်ရွက်ခြင်း၊ တရားရင်ဆိုင်စရိတ်၊ ပြန်လည်ထူထောင်စရိတ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရှေ့လုပ်ငန်းစဉ်များအား ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးအရေး ဦးဆောင်လှုပ်ရှားသူများနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာတို့၏ မြတ်နိုးဖွယ်ရာဓလေ့ဖြစ်သည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖေးမကူညီခြင်း၊ ဝိုင်းဝန်းပံ့ပိုးခြင်း၊ လက်တွဲခေါ်ဆောင်ခြင်းတို့ဖြင့် အမျိုးသမီးများဘဝဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများမှ လက်တွဲညီညီဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး အမျိုးသမီးငယ်များက “ပန်းကလေးများ၏ဥယျာဉ်မှ” တေးသီးချင်းဖြင့် ကပြဖျော်ဖြေကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ ဆက်)