ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ

ဒေးဒရဲ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လက်မှုအတတ်ပညာဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချရေး၊  အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ လျှပ်စစ်သံဂဟေဆက် သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးကြိုးစားစားသင်ယူကြရန်နှင့် သင်တန်းပြီးမြောက်ပါက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး မြစိမ်းရောင်အရင်းမပျောက် လှည့်ပတ်ရန်ပုံငွေများ ဆောင်ရွက်ပေးမည့်အခြေအနေများကို  ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကျေးရွာများမှသင်တန်းသား(၃၀)ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့မှစတင်၍ တစ်လကြာသံတွက်ချက်မှုပညာရပ်များ၊ သံဖြတ်ခြင်းပညာရပ်များ၊ သံဂဟေဆက်ခြင်း၊ အိမ်သုံးရုံးသုံးပစ္စည်းများပြုလုပ်ခြင်းနှင့် အဆောက်အဦတည်ဆောက်ခြင်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း