စေတုတ္တရာမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

စေတုတ္တရာ      အောက်တိုဘာ    ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းမြင့်က ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်း ချက်များ၊ ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာနှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကြိုတင်ဆန္ဒမဲပုံးများအား လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ရှေ့တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း အဆင့်ဆင့်ကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၆၉)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၄၆၁၃)ဦးရှိပြီး  မဲဆန္ဒနယ်ပြင်ပ နိုင်ငံခြားကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၁၀၇)ဦး၊ မဲဆန္ဒ နယ် ပြင်ပ ပြည်တွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၆)ဦး၊ မဲဆန္ဒနယ်ပြင်ပ တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ တပ်ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၅၀)ဦးရှိပြီး စုစုပေါင်းကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အနေဖြင့် စုစုပေါင်း(၁၆၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)