ငဖဲမြို့နယ်တွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ်တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ငဖဲ ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ် ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ် တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီက ငဖဲမြို့မဈေးရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများအား  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် အပတ်စဉ် တနင်္လာနေ့တိုင်း မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်တွင် ၅၀ ရာခိုင်နှုန်းသော ပလပ်စတစ်အိတ် တွေကို တစ်ခါသုံးပြီးတာနဲ့ စွန့်ပစ်လိုက်တာကြောင့် ပင်လယ်ထဲမှာ ပလတ်စတစ်အရေအတွက်များပြားလာပြီး လူသားတို့ မှီခိုနေရတဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးစေကြောင်း၊ ဈေးဝယ်ထွက်ပါက ဈေးဆွဲခြင်း ဒါမှ မဟုတ် ပြန်သုံးလို့ ရသောအိတ်လေး များသုံးစွဲပြီး ဈေးဝယ်ကြရန် ပါရှိသည်။

အဆိုပါ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုများကို အပတ်စဉ် တနင်္လာနေ့တိုင်းမသုံးစွဲရန် ဈေးရောင်းဈေးဝယ် ပြည်သူများအား ငဖဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နိုင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ ငဖဲမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးရဲမြင့်ထွန်းနှင့် ဝန်ထမ်းများ၊  စည်ပင်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)