စလင်း ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတောကို စလင်းမြို့နယ် တည်ဘိုကန်ကျေးရွာအုပ်စု တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်နှင့် မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ တည်ဘိုကန် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စုစုပေါင်းအင်အား(၁၀၅)ဦးခန့် တက်ရောက်ကြပြီး အမြင့်(၂)ပေနှင့်အထက် တမာ(၁၀၀)ပင်၊ ယင်းမာ(၁၀၀)ပင်၊ ယူကလစ်(၅၀)ပင်၊ ရေတမာ(၅၀)ပင် စုစုပေါင်း ပျိုးပင် (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် တည်ဘိုကန်ကျေးရွာအုပ်စုအတွင်း ဒုတိယအကြိမ်မြောက် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးခဲ့ပြီး၊ သစ်တောပျိုးဥယျာဥ်တွင်လည်း ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ပြည်သူများစိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
(မောင်လွင်)စလင်း