ဝန်းသို အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေများမှ ငွေကျပ်သိန်း ၁၀၀ ဖြင့် ရွာတွင်း လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကျနော်တို့ ကျေးရွာကတောင်ခြေမှာ ရွာတည်ထားတော့ လမ်းတွေက အတက်အဆင်းများတယ်၊ မိုးရွာရင်ရေစီးကြောင်းတွေက လမ်းတွေကို စားပြီး လမ်းပျက်စီးတယ်၊ သွားရေးလာရေးမှာ အဆင်မပြေဘူး၊ ဒါကြောင့် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ စုစုပေါင်း ငွေကျပ်သိန်း (၂၃၀) ကျော်ထဲကမှ ငွေကျပ်သိန်း(၁၀၀)ကိုအသုံးပြုပြီးတော့ အရှည် ပေ ၁၀၀၀ ကျော်ရှိတဲ့ ရွာတွင်းလမ်းကို ကွန်ကရစ်လမ်းခင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ" ဟုကျေးရွာခေါင်းဆောင် ဦးမောင်ငွေက ပြောသည်။
မြိုင်ဇေယျာကျေးရွာသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအပြင် အမှိုက်ကင်းစင် ကျေးရွာအဖြစ် သတ်မှတ်၍ လပြည့်လကွယ် နေ့ရက်တိုင်းတွင် ကျေးရွာပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာသန့်ရှင်းသာယာလှပရေးအပြင် အိမ်ခြေ(၇၈)အိမ်၊ လူဦးရေ(၃၅၀) ကျော်တို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် များစွာအကျိုးပြုလာမည် ဖြစ်ကြောင်းမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းတာဝန်ခံဦးဖြိုးကျော် ထံမှသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)