ပွင့်ဖြူ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေးနှင့် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရန် ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများအဖွဲ့က မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာနှင့် ရှောက်တောကျေးရွာတို့ရှိ ကျေးလက်စည်ပင်သာယာဈေးများသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မလတ်စတစ် မသုံးစွဲရနေ့အဖြစ် စည်းကမ်းချက်သတ်မှတ်ထားရှိမှုအား ဈေးရောင်းဈေးဝယ်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဈေးရောင်းချရာတွင် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့် ထုပ်ပိုးရောင်းချခြင်း ရှိ/မရှိ ဈေးဆိုင်ခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် ဘေးထွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေအား ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြော၍ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )