ကျုံပျော် ဇူလိုင် ၃
မြေဆီလွှာပျက်စီးမှု ထိန်းသိမ်း၍ မြေသြဇာကောင်းမွန်ရန်နှင့် တောင်သူများ ရေရှည်အကျိုး ဖြစ်ထွန်းရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းခြင်း အခမ်းအနားကို မြေရဲတောင်အုပ်စုရှိ တောင်သူ ဦးတင်ရှိန်လယ်မြေ၌ ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်တိုးမြင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ စံကွက်ကို စုပေါင်းရိတ်သိမ်းကာ မြေဩဇာပါဝင်မှုနှုန်း စစ်ဆေးကြသည်။ ထို့နောက် စိုက်ပျိုးရေး ဦးစီးမှူးက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းနှင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ပိုက်ဆံလျှော်ပင်များကို လယ်ထွန်စက် အသုံးပြု၍ ရိတ်သိမ်းခြင်းနှင့် မြေမြုပ်ထည့်သွင်းခြင်း ကို လက်တွေ့ပြသခဲ့သည်။
တောင်သူများအနေဖြင့် သီးနှံအထွက်တိုးရန် ဓာတ်မြေသြဇာများ နှစ်စဉ်လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ထိခိုက်ခြင်း၊ ဓါတုဓာတ်ကြွင်း ကြောင့် လူနှင့် သတ္တဝါတို့၏ အသက်အန္တရာယ် ဆုံးရှုံးခြင်း များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်းဖြင့် အဆိုပါ အန္တရာယ်များကို ကျော်လွှားနိုင်ပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ကာ သီးနှံအတွက် အကျိုးဖြစ်ထွန်းမှုများ ရရှိကြောင်း၊ ကျုံပျော်မြို့နယ်တွင် (ပိုက်ဆံလျှော်) ကို ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ တောင်သူပေါင်း (၁၀၆၈)ဦး၏ လယ်ဧက (၄၆၀၀) တွင် စိုက်ပျိုးခဲ့ပြီး ဇူလိုင် ၂ ရက်နေ့တွင် စိုက်ဧကအားလုံး မြေမြုပ်ထည့်သွင်း ဆောင်ရွက်ပြီး သိရ သည်။
လပြည့်ဦး(ပြန်/ဆက်)