စစ်ကိုင်း ဇူလိုင် ၃
စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ယနေ့ဖြစ်ပေါ်နေသာ ကမ္ဘာအဝှမ်း ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် သစ်တောများ၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြုလာကြရန်နှင့် သစ်ပင်များစိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းများကို ပိုမို လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှကြီးမှူးပြီး သစ်ပင်စိုက်ပွဲများပြုလုပ်ခြင်း၊ လျာထားချက်များချမှတ်၍ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှလည်း နှစ်စဉ်သစ်တောစိုက်ခင်းများတည်ထောင် ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့်ပြောကြားကာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က တက္ကသိုလ်အတွင်း သစ်ပင်စိုက်ပျိုးရခြင်း ရည်ရွယ်များနှင့် သစ်ပင်များလာရောက် စိုက်ပျိုးပေးခဲ့ကြတဲ့ သက်ဆိုင်ရာဌာနအသီးသီးကိုလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်များ စိုက်ပျိုးရန် ပျိုးပင်များကိုပေးအပ်ခဲ့ကြပြီး ပျိုးပင်ပေါင်း(၅၀၀၀)ခန့်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်