လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

လိပ်သို ဇူလိုင် ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ‌ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ခြေလျင်လျှောက်သူများ သိမှတ်လိုက်နာရန် အချက်များအကြောင်းနှင့် Talk Show ဆွေးနွေးပွဲအစီအစဉ် ပြုလုပ်ရခြင်းတို့ကိုလည်းကောင်း၊ လိပ်သိုနယ်မြေရဲစခန်းမှ ဒုရဲအုပ်သက်ပိုင်စိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ပြည်သူများ သတိပြုလိုက်နာရန် အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် (ကား) ယာဉ်မောင်းများလိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်တိုက်မှုလျော့နည်း ကျဆင်းပပျောက်ရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား လမ်းညွှန်အမှတ်အသား လိုက်နာရန်အချက်များ၊ ယာဉ်တိုက်မှု လျော့ပါးသွားစေရန် ယာဉ်မောင်းသူအနေဖြင့် မော်တော်ယာဉ်ကို ကောင်းစွာ ထိန်းသိမ်းမောင်းနှင်ခြင်း၊ မော်တော်ယာဉ်စည်းကမ်းကို နားလည်ခြင်း၊ လမ်းစည်းကမ်းကို ကောင်းစွာနားလည် သဘောပေါက်ခြင်း၊ သီးခံမှုစိတ်ရှည်မှုရှိခြင်း၊ အာရုံထွေပြားမှု မရှိခြင်းတို့ လိုအပ်ကြောင်း စသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေဆိုင်ရာများတို့ကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို Online မှ တစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)