အထက်မင်းလှ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက်၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်ကျော်ငွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ပျိုးပင်များပေးအပ်ခဲ့ပြီး၊ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့သည်။
မင်းလှမြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရခြင်းမှာ သစ်တောသစ်ပင်များစိမ်းလန်း စိုပြေစေရေးနှင့် သစ်တော သစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ချစေရန် ရည်ရွယ်၍ သစ်ပင်များစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရာတွင် ကျွန်း(၂၀၀)ပင်၊ ပိတောက် (၁၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၃၀၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဇာဇာ(ပြန်/ဆက်)