ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းတောတံတားဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး၊ စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ

ပုသိမ် ဇူလိုင်

ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော မြောင်းမြမြို့၊အမှတ်(၆)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ ကျွန်းတောတံတား ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတား၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ရှေးဦးစွာ ကျွန်းတောတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက တံတားဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ကိုပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျွန်းတောတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါတံတားသည် မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ၊ ပြည်သူထည့်၀င်ငွေတို့ဖြင့် မူလသစ်သားတံတားအား အရှည် ၈၁ပေ၊ အကျယ်၂၄ပေ၊ ကြမ်းခင်းထု ၈ လက်မကွန်ကရစ် တံတားအဖြစ် အကြီးစားပြင်ဆင်မွမ်းမံလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့တွင်ဖွင့်လှစ် ပေးနိုင်ခဲ့သဖြင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်စေရေးနှင့် လမ်းပန်းဆက်သွယ်မှုကိုများစွာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါး တစ်ဧက (၁၀)တင်း ပိုမိုအထွက်တိုးစေရေး၊ အထွက်တိုး မျိုးစပါးများစိုက်ပျိုးစေရေး၊ ခေတ်မီစိုက်နည်းစနစ်များ အသုံးပြုစိုက်ပျိုးစေရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ ပိုမိုသုံးစွဲစေရေးမှာကြားခဲ့ပြီး ဆင်းသုခမျိုးစပါးများ စနစ်တကျစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ငမန်ချောင်ကျေးရွာရှိ တောင်သူ ဦးကုလား၏ လယ်မြေ(၁၂)ဧကတွင် မနောသုခမျိုးစပါးများ စနစ်တကျပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုနှင့် ကန်ကြီးထောင့်မြို့နယ်၊ အညာတန်းကျေးရွာရှိ တောင်သူ ဦးသက်ဦး၏ လယ်မြေ (၁၇) ဧကတွင် ဧရာမင်းမျိုးစပါးများ စနစ်တကျပျိုးထောင်ထားရှိမှု၊ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက အထွက်တိုးစေရေး၊ စိုက်ပျိုးရေလုံလောက်စွာသုံးစွဲစေရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေသြဇာများ ပိုမိုသုံးစွဲစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေ​ရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)