မြိုင်မြို့တွင် ပလတ်စတစ်‌လျော့ချအသုံးပြုရေးနှင့် စက္ကူအိတ်၊ အင်ဖက် အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်များ ဆောင်ရွက်

မြိုင် ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပလတ်စတစ် လျော့ချအသုံးပြုရေးနှင့် စက္ကူအိတ်၊ အင်ဖက်အစားထိုးအသုံးပြုရေး အသိပညာ ပေးလုပ်ငန်းများကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်က စည်ပင်သာယာ မြို့မဈေးနှင့် ပျံကျဈေးတို့တွင်  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးမွန်မွန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်မြင့်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများက ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပလတ်စတစ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားနိုင်သောရောဂါများ၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းရန်နည်းလမ်းများ၊ ပလတ်စတစ်လျော့ကျသော ပတ်ဝန်းကျင် ဖြစ်စေဖို့အတွက် အချက် ၉ ချက်၊ ပလတ်စတစ်စွန့်ပစ်မှုနှင့် စွန့်ပစ်သည့်နည်းလမ်းများ ပါရှိသည့် ပလတ်စတစ်အိတ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များကို စည်ပင်သာယာမြို့မ ဈေးနှင့်ပျံကျဈေးတို့တွင် ဖြန့်ဝေခဲ့ကြသည်။ ထို့နောက် ပလတ်စတစ်အသုံးပြုမှု လျော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်သာယာလှပရေးကို အထောက်အကူပြုကြရန်၊ ပလတ်စတစ်အိတ်/ ကြွပ်ကြွပ်အိတ် အသုံးပြုမှု‌လျော့ချ၍ စက္ကူအိတ်၊ အင်ဖက်တို့ကို အစားထိုးအသုံးပြုကြရန် ဈေးရောင်း၊ ဈေးဝယ်များအား အသိပညာပေး ပြောကြားခဲ့ပြီး အဆိုပါ အသိညာပေးလုပ်ငန်းများကို အပတ်စဉ်တနင်္လာနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မယ်ခွေ