ထားဝယ် ဇူလိုင် ၃
မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ နာယက ဦးမြတ်ကိုက မြန်မာအမျိုးသမီးများနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိသော အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများ အားလုံးကိုလှိုက်လှဲ စွာဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးနယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲခဲ့ပြီးမဟာ ဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးခဲ့ပြီ ဖြစ်သည့်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (Phase II)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိဆက်စပ်ဌာန အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ကျား/မ တန်းတူညီမျှမှုရှိဖို့နဲ့ မြန်မာအမျိုး သမီးများအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မှတ်တမ်းတင် Video ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် အမျိုးသမီး အားကစားသမား(၄)ဦးအားလည်းကောင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မြိတ်မြို့နယ်မှ မလင်းလက်ကျော်၊ မစန္ဒီနိုင်၊ မဆုဝတ်ရည်ဖြိုး၊ မအေးငြိမ်းမိုးတို့အား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မြိတ်မြို့နယ်မှ မရတနာမြတ်ခိုင်၊ မသင်းနန္ဒာထက်၊ မစိုးဝင်းမြတ်၊ မမိုးမေမီအောင်တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး ထားဝယ်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက “ပြည်ထောင်စုအင်အား” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)