လေးမျက်နှာ မြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးသည်၊ ဈေးဝယ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေး

လေးမျက်နှာ အောက်တိုဘာ ၁၂

လေးမျက်နှာမြို့နယ်တွင် မြို့နယ်စည်ပင်သာယာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးသို့ ယမန်နေ့နံနက်ပိုင်း အချိန်က လာရောက်၍ ဈေးရောင်းသူ၊ ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ Mask, Face shield လက်အိတ်များဝတ်ဆင်၍ ဈေးရောင်းချခြင်းများနှင့် ဈေးအတွင်းသို့ လာရောက် ဈေးဝယ်သူများကလည်း Mask စနစ်တကျ ဝတ်ဆင်ထားခြင်း ရှိ/မရှိ တို့ကို ဝင်ရောက် စစ်ဆေးခဲ့ကြသည်။

အဆိုပါ‌ ဈေးများ၊ ရပ်ကွက်ကျေးရွာများတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး၊ ကူးစက်ပြန့်ပွားခြင်းများ မဖြစ်စေရေးအတွက် အသံချဲ့စက်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာကြစေရေးအတွက် သတိ ပေးနှိုးဆော် ထားလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)