ဘားအံ ဇူလိုင် ၃
ဂေဟစနစ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကရင်ပြည်နယ် အတွင်း၌လည်း ၂၀၂၃ ခုနှစ် မိုးရာသီတွင် အပင်ပေါင်း ၃၅၇၁၀၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ တောင်ကလေး တိုးချဲ့ကွက်သစ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(ဘားအံ)၌ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲကို ကျင်းပသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သစ်ပင်များ စိုက်ပျိုးရာတွင် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီသော သစ်မျိုးများ၊ လေပြင်း မုန်တိုင်းတိုက်ခတ်မှု ဒဏ်ခံနိုင်သော အပင်မျိုးများ၊ ကြီးမြန်သစ်မျိုးများ၊ ရေရှည်တွင်မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိစေနိုင်သည့်သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သော သစ်မျိုးများ၊ မျက်စိပသာဒ ဖြစ်စေ သည့်သစ်မျိုးများ၊ အရိပ်ကောင်းစွာ ပေးစွမ်းနိုင်သည့် သစ်မျိုးများကို စိုက်ပျိုးလိုသည့် နေရာနှင့် သင့်လျော်စေရန် စနစ်တကျရွေးချယ်ကာ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်များကို တစ်ဦးချင်းစီက အသိစိတ်ဓာတ် ရှိစွာဖြင့် ထိန်းသိမ်းပြုစုစောင့်ရှောက်ရန်လိုသကဲ့သို့ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်လည်း ထိန်းသိမ်းဖို့လိုအပ်ကြောင်း၊ သစ်တော သစ်ပင်များသည် သဘာဝမှပေးသော တန်ဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်ပြီး စီးပွားရေး အရသော်လည်းကောင်း၊ ကျန်းမာရေးအရသော် လည်းကောင်း၊ များစွာအကျိုးကျေးဇူးပေးသည့်အတွက် နောင်လာနောင်သားများကို အဖိုးထိုက်တန်လှသည့် သဘာဝအမွေအနှစ်များ လက်ဆင့်ကမ်းပေးအပ်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်း(ဘားအံ)မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၃၃၇) ဦးခန့်က ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပုန်းညက်၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မယ်ဇလီ၊ ငုရွှေဝါ၊ ရေတမာ၊ ရွှေသပြေ၊ ခရေ စသည့် သစ်မျိုး(၁၂)မျိုး၊ အပင်ပေါင်း ၇၃၃ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြပြီး ပြည်နယ်အတွင်း မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ပြည်နယ်အဆင့်တစ်ကြိမ်၊ ခရိုင်အဆင့် တစ်ကြိမ်ဖြင့် အပင်ပေါင်း ၆၂၈ ပင်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ပြည်နယ်အဆင့်နှစ်ကြိမ်၊ မြို့နယ် အဆင့် သုံးကြိမ်ဖြင့် အပင်ပေါင်း ၂၃၅၉ ပင်၊ စုစုပေါင်း ၂၉၈၇ ပင်ကို ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်း၍ လူထုလှုပ်ရှားမှုအသွင် စိုက်ပျိုးဆောင်ရွက်ခဲ့ကာ သစ်ပင်စိုက်ပျိုး နိုင်သည့် နေရာမှန်သမျှ သင့်လျော်သော သစ်ပင်များ စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန အသီးသီးနှင့် ဝိုင်းဝန်းပူးပေါင်း စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် မဟော်သဓာပညာရေးကျောင်းတော် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ယာယီသီတင်းသုံးနေထိုင်တော်မူသော ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တကဝိဓဇအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြကာ ဆန်၊ ဆီ၊ အစရှိသော လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ယာစီမံကိန်း ရေရရှိရေးလုပ်ငန်း ၈ လက်မ HDPE ပိုက်လိုင်း ၂၀၇၀၀ ပေ သွယ်တန်း သည့်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၈ လက်မရေပိုက်လိုင်းဖြင့် ရေစုပ်တင်ရရှိမှု၊ 20000 gal/hr ရေထွက်စမ်းသပ်မှု၊ HDPE ပိုက်များဖြင့် ရေပိုက် ဆက်သွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လှာကမြင် ကျေးရွာအုပ်စု၊ ရသဝေါရွာအနီးရှိ ရသဝေါအင်းတွင် အမြင့် ၁၃ ပေ၊ အလျား ၁၂၀၀ ပေရှိ မြေသားတမံ ဆောင်ရွက်ပြီးစီးခြင်းနှင့် (၆ပေ x ၁၂ပေ) ရေတံခါးနှစ်ပေါက် တည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အများပြည်သူများအတွက် သောက်သုံးရေနှင့် အနားယူ အပန်းဖြေနိုင်ရေး ရသဝေါအင်းပတ်လမ်းထည့်သွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)