ချောက် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့် Grade-12 ခရိုင်အဆင့် ဆင့်ပွားသင်တန်းနှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းအဆင့် Grade-12 ခရိုင်အဆင့် ဆင့်ပွားသင်တန်းကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ စွယ်တော်ခန်းမတွင် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် Grade-9 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြရိပ်ညိုခန်းမတို့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးမန်းအောင်က အခြေခံပညာအထက်တန်းအဆင့် Grade-12 ခရိုင်အဆင့် ဆင့်ပွားသင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်အနာဂတ် အတွက် အရည် အချင်းရှိသော တပည့်များ မွေးထုတ်ပေးနိုင်ရေး အရည်အသွေးမြင့်မားသည့် ဆရာ/ဆရာများဖြစ်ရန် လိုအပ်ကြောင်း၊ သင်ရိုးသစ် ဆင့်ပွားသင်တန်းမှတဆင့် အခြေခံပညာ ကျောင်းသား/သူများကို အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့် ပြည်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ရေး အစွမ်းကုန် ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဆင့်ဝင်းက သင်တန်းဆိုင်ရာ အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခြေခံပညာ အထက်တန်းအဆင့် Grade-12 ခရိုင်အဆင့် ဆင့်ပွားသင်တန်းသို့ချောက်၊ရေနံချောင်းနှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၅၆)ဦးနှင့် အခြေခံပညာ အလယ်တန်းအဆင့် Grade-9 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ ဆရာ၊ ဆရာမ(၁၁၅)ဦး တက်ရောက်ခဲ့သည်။
သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၉)ဦးမှ ဇူလိုင်လ ပထမပတ်မှစ၍ တတိယပတ်အထိ ၆ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)