ပေါင်းတည် ဇူလိူင် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံ(မျိုးစေ့ထုတ်ဌာနခွဲ)ရှိ စိုက်ခင်းများ၌ ပျိုးထောင်ထားသော (RS)စပါးပျိုးပင်များအား ဌာနပိုင်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဝန်ထမ်းများက စတင်ဆောင်ရွက်ကြသည်။
မြို့နယ်အတွင်းရှိ တောင်သူများမျိုးကောင်း မျိုးသန့်စပါးမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အထွက်ကောင်းစပါးမျိုးစေ့များ ထုတ်လုပ်ပေးနိုင်ရေးကို စနစ်တကျ ထွန်ယက်ပြုပြင်ထားသော မျိုးစေ့ထုတ်စိုက်ပျိုးမြေများတွင် စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးကြီးကြပ်ဝန်ထမ်းများက အနီးကပ်ကြီးကြပ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ယင်းစိုက်ပျိုးမြေများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် RS စပါးပျိုးပင်များဖြင့် ရတနာတိုး ၂၀.၅ဧက၊ ဆင်းသုခ ၃၇.၅ ဧက၊ မှော်ဘီ-၃ ၁ဧကနှင့် တောင်သူပညာပေးအတွက် သုတေသန စိုက်ခင်း ၁ ဧက၊ စုစုပေါင်း ၆၀ ဧက စိုက်ပျိုးပြီးနောက် တောင်သူများအတွက် အရည်အသွေးမီ မျိုးစေ့များ ဆက်လက်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း မျိုးသန့်ခြံဌာနခွဲ တာဝန်ခံအရာရှိ ဒေါ်ဌေးတင်ထံမှ သိရသည်။
သူရကြီး(ပြန်/ဆက်)