ပုသိမ် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုလမ်းဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား (Jetty) အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးမှု၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့် ဗိုလ်မြတ်လေးဆိပ် ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်လက်ဆောင်ရွက်မည့် အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုဆောင်ရွက်ပြီးစီးသည့် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား အလျား(၅၃၀)ပေပေါ်တွင် ဆောင်ရွက်မည့် ကျောက်ပြားခင်းခြင်း လုပ်ငန်းအား ပွင့်လင်းရာသီအမီအပြီးသတ် ဆောင်ရွက်ရန်၊ အဆိုပါ ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတားပေါ်သို့ ပြည်သူများလာရောက်အပန်းဖြေရာတွင် မသန်စွမ်းသူများအတွက် Wheel Chair များ အလွယ်တကူ တက်/ဆင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့် ဗိုလ်မြတ်လေးဆိပ်ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်" တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အကောက် ဆိပ်လမ်းနှင့်နိဂေါဓာလမ်းလမ်းဆုံ ရေမြောင်းတူးဖော်နေမှုအားလည်းကောင်း၊ ကွမ်းခြံချောင်း (၅၉၄၀)ပေ တူးဖော်နေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ပြီးစီးသည့် ရေမြောင်းများနှင့် ချောင်းများအတွင်း ပြည်သူများအနေဖြင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းများ ဆောင်ရွက်ရန်နှင့် ချောင်းများ တိမ်ကောပျက်စီးမှုမရှိစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို လမ်းညွှန် မှာကြားခဲ့သည်။
ယင်းနောက်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့နယ်၊ ကွက်ပြင်ကြီးကျေးရွာ၊တောင်သူဦးသန်းလှ၏ ပိန်းဥနှင့် ရုံးပတီသီးစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးစိန်မြင့်၏ ပိန္နဲ၊ တိုင်ထောင်ပဲ၊ ဆူးပုတ်၊ ကင်ပွန်းချဉ်၊ ကျွဲကောစိုက်ခင်းအား ကြည့်ရှုအားပေးပြီး သီးနှံများ ဆွတ်ခူး ရောင်းချရမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး "ရာသီအလိုက် သီးပင်စားပင်များကို တစ်နှစ်ပတ်လုံး ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးရေး" လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ တောင်သူဦးကျော်သူ၏ ဘဲကောင်ရေ(၂၀၀၀)မွေးမြူထားရှိမှု၊ မွေးမြူရေးလုပ်ငန်းအတွက် အစာဝယ်ယူရရှိမှုအခြေအနေများ၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ ဈေးကွက်သို့ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် စျေးနှုန်းကြီးမြင့်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)