ကန့်ဘလူမြို့နယ်၌ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ် သမားများအတွက် ဒေသရေမြေရာသီဥနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့် မျိုးစေ့များကို ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးလျက်ရှိသည့် သီးနှံများ ယခုအခါ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ကန့်ဘလူမျိုးသန့်ခြံမှ သိရသည်။

ကန့်ဘလူမျိုးသန့်ခြံ ကွင်းစခန်းအမှတ်(၂)တွင် စပ်မျိုးနေကြာ (ရေဆင်း- ၁) ၂၀ ဧက၊ ပဲစင်းငုံ(မုံရွာ ရွှေဒင်္ဂါး) မျိုးစေ့အဆင့်(RS) မျိုးသန့်မျိုးပွားအဆင့် ဧက ၅၀၊ နှမ်း(ကံရှိစပ်မျိုး) ၁၀ ဧက၊ နှမ်း(ဆင်းရတနာ- ၁၄) ၃၀ ဧကနှင့် အစေ့ထုတ်ပြောင်း (၈၂၈ စပ်မျိုး) ၆ ဧက စုစုပေါင်းမျိုးစေ့ထုတ် ဧက ၁၁၆ ကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ မျိုးများကို ဒေသတောင်သူလယ်သမားများအတွက် မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိအောင် ဆောင်ရွက်ပြီးမှ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ကန့်ဘလူမျိုးသန့်ခြံမှ ဦးစီးအရာရှိ ဦးခင်းမောင်လင်းက ပြောသည်။

“ကျွန်တော်တို့ မျိုးသန့်ခြံမှာ မျိုးစေ့ထုတ်သီးနှံများဖြစ်တဲ့ နှမ်းကို မေ ၂၈ ရက်ကလည်းကောင်း၊ အစေ့ထုတ်ပြောင်းကို ဇွန် ၂၃ ရက်ကလည်းကောင်း၊ ပဲစင်းငုံကို ဇွန် ၂၄ ရက်ကလည်းကောင်း၊ နေကြာကတော့ ဇွန် ၂၅/ ၂၆ ရက်မှာလည်းကောင်း စတင်စိုက်ပျိုးခဲ့ပါတယ်။ ဒီစိုက်ပျိုးထားတဲ့သီးနှံတွေကိုတော့ ဩဂုတ် ၂၀ ရက် ဝန်းကျင်လောက်ဆို ရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးသန့်ခြံက ဒေသနဲ့ကိုက်ညီတဲ့ အရည်အသွေး ကောင်း သီးနှံမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း၊ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများ ကျင်းပပြီး တောင်သူတွေကို နည်းပညာပေးခြင်း၊ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ ဒေသရေမြေနဲ့ကိုက်ညီတဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါမှာ အဆင်ပြေစေဖို့၊ တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ဦးခင်မောင်လင်းက ဆက်လက် ပြောပြသည်။

ကန့်ဘလူမျိုးသန့်ခြံ၌ စိုက်ပျိုးလျက်ရှိသည့် မျိုးများသည် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီ သော မျိုးသန့်မျိုးပွား မျိုးစေ့များဖြစ်ပြီး ကန့်ဘလူမြို့နယ်ပတ်ဝန်းကျင်သည် မိုးကောင်းသောက်လယ်ယာမြေများ ဖြစ်သဖြင့် ပဲစင်းငုံ၊ ပဲတီစိမ်း၊ နှမ်း စသည့် သီးနှံများကို စိုက်ပျိုးရာတွင် ရေငတ်ခံနိုင်သော မျိုးသန့်မျိုးပွား မျိုးစေ့များကို စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ဝင်ငွေတိုးတက် ရရှိနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)