ပွင့်ဖြူ ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်း၏ မူဘောင်များ၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး ကျေးရွာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းချေးငွေ အတိုးနှုန်းထားများနှင့် ပြန်လည် ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များ၊ ငွေစာရင်းဇယားများ စနစ်တကျ ဖြည့်စွက်ရေးသွင်းနိုင်ရေး ငွေစာရင်းဇယားထိန်းသိမ်း နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးမည့်အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေ ပြည်သူများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင် များကို အတည်ပြုရွေးချယ်၍ ကော်မတီဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )