မြန်အောင် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမှ ၂၀၂၃-၂၀၂၄ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျ ဧက(၁၀၀)ကွင်းရှိ ကွင်းအမှတ်(၂၄၉)တောင်သူ ဦးစိုး၊ ဦးအောင်မင်း၊ ဦးတင်ဦး၊ ဦးဇော်အောင်တို့၏ လယ်မြေ(၄) ဧကတွင်ကျင်းပပြုလုပ်ခဲ့သည်။
KUBOTA (၆)တန်းသွားကောက်စိုက်စက်ဖြင့် ယခုနှစ်မိုးရာသီတွင် မြန်အောင် မြို့နယ်အတွင်း မိုးစပါးဧက(၄၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခ သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသောပျိုးပင်များ ရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက် စက်ဖြင့်စိုက်ပျိုးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်းနှင့် ကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာများကို မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းက ရှင်းလင်း ပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင်စိုက်ပျိုးသရုပ်ပြခဲ့သည်။
ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြန်အောင်မြို့နယ် ဦးစီးမှူး ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)