လှိုင်းဘွဲမြို့နယ်ရှိ ဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာနေပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံဆွေးနွေး

လှိုင်းဘွဲ ဇူလိုင် ၂

ကျေးလက်နေပြည်သူများ၏လူမှု၊ စီးပွားဘဝများ တိုးတက်မြှင့်မားလာစေရေးအတွက် ရည်ရွယ်လျက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ခံများမှ ကျေးရွာနေတိုင်းရင်းသားပြည်သူများ၏ နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်စေရေးတို့အတွက် ယမန်နေ့ညနေ ၁ နာရီအချိန်က ရွှေဂွန်းတိုက်နယ်၊ အင်းနို့သိပ္ပံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည်များကို ပွင့်လင်းစွာ ဆွေးတွေးတင်ပြပေးစေလိုကြောင်း၊ ကျေးရွာပြည်သူများ၏လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပေးပြီး လုပ်ငန်းများကို လျင်မြန်စွာ အကောင် အထည်ဖော်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းက ကျေးရွာနေ ပြည်သူများ တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် မူးယစ်ဆေးဝါးများအန္တရာယ် ကြိုတင် ကာကွယ်ရေး၊    ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း ပညာပေးဆွေးနွေးပြီးနောက် ဌာနဆိုင်ရာတာဝန်ခံများက မိမိတို့၏ဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းကိစ္စရပ်များကို  ပြောဆိုရှင်းပြပေးခဲ့ကြသည်။

ထို့နောက်ကျေးရွာနေပြည်သူများက ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ၊ ကျေးရွာစာသင်ကျောင်းအဆောင်သစ် တိုးချဲ့တည်ဆောက်ပေးစေလိုမှုများ၊ ရွာတွင်းလမ်းများပြုပြင်ပေးစေလိုမှုများ၊ ကျေးရွာအများစု၏  စပါး၊ မြေပဲ၊ ပဲမျိုးစုံ၊ကြံစသည့် စိုက်ပျိုးမြေများအတွက် သံလွင်မြစ်မကြီးမှ နုံးသွင်းရေမြောင်းကို ပြန်လည်တူးဖော်ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်သည့်ဌာနများက ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် လျာထားချက်တွင် ပါဝင်သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက်    ထည့်သွင်းရေးဆွဲပေးသွားကြရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)