မင်းဘူး(စကု)မြို့နယ်၌ နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများ နွားဈေးကောင်းရလို့ အဆင်ပြေ

မင်းဘူး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးနှင့် တွဲဖက်ပြီး နွားမွေးမြူရေး ခြံလုပ်ငန်းလုပ်ကိုင်သူများ နွားရောင်းဝယ်ရေးဈေးကွက်တွင် ဈေးကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ကျွန်တော်က စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ပြီးတော့ နွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်တာပါ။ ခြံမှာက ခွာကြီးခွာသေး နွားအကောင်ရေ ၃၅ ကောင် ရှိပါတယ်။ နွားစာကျွေးမွေးတာက မနက်ပိုင်း စာကျက်မြေမှာ သဘာဝအတိုင်း လွှတ်ကျောင်းပြီးတော့ ညနေခင်းပိုင်းမှာ စိုက်ပျိုးထားတဲ့ နေဗီယာမြက်၊ နှံစား၊ ပြောင်း၊ ပဲမှော်၊ ကောက်ရိုး စဉ်းဖတ်တို့နဲ့ နှစ်ပတ်လည်စာ ဆုဆောင်းကျွေးမွေးရပါတယ်။ စိုက်ပျိုးရေးနဲ့ တွဲဖက်လုပ်ကိုင်တဲ့အတွက် နွားအကောင်ရေ ရှားပါးလာမှုအပေါ် နွားမှရရှိလာတဲ့ နွားချေးကို လယ်ယာမြေတွေမှာ သဘာဝ မြေဩဇာအဖြစ် ပြန်လည်အသုံးပြုဖို့အတွက် မွေးမြူရခြင်း ဖြစ်ပါတယ်။ နွားကျွေးစရိတ် အစာဖိုးနဲ့ လုပ်သားစရိတ်ကို နွားချေးရောင်းရငွေနဲ့ ပြန်ထိန်းပြီး နွားချေးမှတစ်ဆင့်လည်း ဝင်ငွေအမြတ်အစွန်း ရရှိပါတယ်။”ဟု စကုမြို့မှ စိုက်ပျိုးရေးနှင့် နွားမွေးမြူခြံလုပ်ငန်း တွဲဖက်လုပ်ကိုင်သည့်တောင်သူ ကိုဇော်လင်းထွန်းက ပြောသည်။

နွားကျွေးမွေးစရိတ်အနေဖြင့် နွားတစ်ကောင်ကို တစ်ရက် ၂၀၀၀ ကျပ်နှုန်း၊ တစ်လကို ငွေကျပ် (၆)သောင်းနှုန်းဖြင့် တစ်နှစ်လျှင် ငွေကျပ်(၇)သိန်းဝန်းကျင်း ကုန်ကျစရိတ်ရှိကြောင်း၊ လက်ရှိ နွားပေါက်ဈေးအရ နွားချောနွားလှအပေါ်မူတည်ပြီး မွေးမြူရေးနွားမ တစ်ကောင်ကို ငွေကျပ် (၅)သိန်းမှ (၁၀)သိန်းအထိ ဝယ်ယူရကြောင်း၊ ပြန်လည်ရောင်းချချိန်တွင်ကိုယ်ပိုင်ပြနွားအထီးဖြင့် သားဖောက်ထားသည့်အတွက် နွားချောနွားလှ အဆင့်မီ နွားအထီးတစ်ကောင်ကို ငွေကျပ် (၁၅)သိန်းမှ သိန်း(၃၀)ဝန်းကျင်အထိ ကာလပေါက်ဈေးအတိုင်း ဈေးကောင်းရရှိသည့်အတွက် နွားမွေးမြူရေး လုပ်ငန်းက အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတောင်သူများနေဖြင့် စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး နွားမွေးမြူရေးခြံလုပ်ငန်းကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်ပါက နွားချေးမှရရှိလာသော သဘာဝမြေဩဇာကြောင့် ပုလဲဓါတ်မြေဩဇာဖိုး ကုန်ကျစရိတ် သက်သာသည့်အပြင် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းပြီးဖြစ်သောကြောင့် အရင်းအနှီးတတ်နိုင်ပါက စိုက်ပျိုးရေးအပြင် နွားမွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း ကိုဇော်လင်းထွန်းက ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ နွားမွေးမြူရေးခြံလုပ်ကိုင်သူ လုပ်ငန်းရှင်ပေါင်း ၁၀၀ ဦးခန့် ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်သည့် ဒေသခံတောင်သူ များလည်းရှိကြောင်း၊ နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်ရာတွင် နွားအကောင်ရေ ၅၀ နှင့် အထက်ကို စီးပွားဖြစ်၊ နွားအကောင်ရေ ၅၀ အောက်ကို တစ်နိုင်တပိုင်ဟူ၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတ်မှတ်ထားကြောင်း၊ နိုင်ငံတော်အစိုးရက ဒေသတွင်း မွေးမြူးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မြင့်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)