တနင်္သာရီမြို့တွင် မွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း လစဉ်ဆောင်ရွက်

တနင်္သာရီ ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ နေ့လယ် ၂ နာရီအထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တာဝန်ခံ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံ/တိုက်ကျွေးပေးကြကြောင်း သိရှိရသည်။

ထိုသို့ မွေးကင်းစမှ အသက်(၂)နှစ်အောက်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးကို ထိုးနှံ/ တိုက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းလုပ်ငန်းကို လစဉ် လဆန်းတစ်ရက်နေ့တွင် ထိုးနှံ/ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမထံမှ သိရှိရသည်။

နန်းသာရီ - ထိန်ဝင်း(ပြန်ဆက်)