အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး လူသုံးကုန် ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအစည်းဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ်၏ ဇနီး ဒေါ်ကြည်ကြည်ထွန်းက အမျိုးသမီးများအသက်မွေးဝမ်းကြောင်းပညာရပ်များ တတ်မြောက်ခြင်းဖြင့် မိသားစုစီးပွားရေးများ ပြေလည်မှုရှိကာ ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ်၏ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များက သင်တန်းတက်‌ရောက်ကြသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပုသိမ်အိမ်တွင်းမှုကျောင်းမှ ထုတ်လုပ်သည့် လူသုံးကုန်ဆပ်ပြာနှင့်‌ ဆပ်ပြာဆီပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

မြင့်ဟန်